၁။အချိန်ရှိတုန်းဖန်ဆင်းရှင်ကိုအောက်မေ့ပါ။
(ဒေသနာကျမ်း12:1 ငါနေ၍ မပျော်နိုင်ဟုဆိုရသော ကာလသည်မနီး၊ ဆိုးသောကာလမရောက်မီ၊ ယခုအသက်ပျိုစဉ်အခါပင်၊ သင့်ကို ဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့။) လူ့အနေနဲ့ခံယူထားတာကငယ်ရွယ်တဲ့အချိန်ပညာရှာ၊ကြီးလာရင်စီးပွားရှာပြီးအိုလာမှဘုရားတရားရှာတာပါ။ဒါပေမယ့်သမ္မာကျမ်းစာမှာတော့ငယ်ဘဝကစသေတဲ့အထိဘုရားကိုရှာခိုင်းပါတယ်၊အထူးသဖြင့်အသက်ပျိုတဲ့အခါဘုရားတရားလိုက်စားဖို့သာ၍တိုက်သွန်းထားပါတယ်။ယနေ့ဘုရားမဲ့ဝါဒနဲ့ဆင့်ကဲဖြစ်တည်ခြင်းအယူဝါဒတွေကြီးစိုးတဲ့ခေတ်ကာလမှာ၊လူငယ်တွေအနေနဲ့ဖန်ဆင်းရှင်ကိုမယုံသင်္ကာဖြစ်ပြီးဘာကိုယုံရမလဲမသိစိတ်ထဲဟောင်းလောင်းကြီးဖြစ်နေတတ်ပါတယ်။ လောကကြီးကိုစိတ်ပျက်လာတဲ့အခါသင့်ကိုဖန်ဆင်းတဲ့ဘုရားရှိကြောင်း(ကျမ်းစာဖတ်ခြင်း၊နှလုံးသွင်းဆင်ခြင်ခြင်း၊အမှု တော်ကိုဦးစား ပေးခြင်းကနေ)သေချာအောက်မေ့ဖို့လိုပါတယ်။ဒါမှအသက်ရှင်ရတာအဓိပ္ပာယ်ရှိလာမှာပါ။
၂။ညာဏ်ပညာရဲ့အမြစ်ဟာဘုရားဆိုတာသိပါ။
(သုတ္တံကျမ်း9:10 ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏မူလအမြစ်ဖြစ်၏။သန့်ရှင်းတော်မူသောဘုရားကို သိကျွမ်းသောသဘောသည် ဉာဏ်ဖြစ်၏။) ခေတ်လူငယ်တွေအနေနဲ့ လောကရဲ့ပညာကိုအထူးအလေးထားကြပါတယ်၊ဒါအင်မတန် ကောင်းပါတယ်။ဒါပေမယ့်ကျွန်တော်တို့လူငယ်တွေနေ့နေ့ညညလိုက်စားနေတဲ့ဒီညာဏ်ပညာရဲ့အချုပ်အချာ(အမြစ်)ဟာဘုရားသခင်ဖြစ်တယ်ဆိုတာမမေ့ပါနှင့်။ဘုရားကိုသိကျွမ်းပြီးကြောက်ရွံ့တတ်သူသာလျှင်ဘုရားအမြင်မှာစစ်မှန်သောပညာရှိဖြစ်ပါတယ်။
၃။တပ်မတ်တဲ့ကိလေသာစိတ်ရှောင်ပြီးဘုရားဝတ်ပြုသူနဲ့ရှာပေါင်းပါ။
(တိမောသေဩဝါဒစာဒုတိယ စောင်2:22 လူပျိုတို့၏ တပ်မက်ခြင်း ကိလေသာစိတ်ကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်း၊ စင်ကြယ်သောစိတ်ရှိ၍၊ သခင်ဘုရားကိုပတ္ထနာပြုသော သူတို့နှင့် အသင့်အတင့်နေခြင်းတို့ကို မှီအောင်လိုက်လော့။) လူငယ်လူရွယ်ဖြစ်တဲ့အားလျော်စွာပေါက်ကွဲရလွယ်တယ်၊လိင်မူကိစ္စရဲ့စုံစမ်းမှုမျိုးမှာကျရှုံးလွယ်တယ်၊လိုချင်တာနဲ့စိတ်ကြီးတတ်တယ်။ဒါ ကြောင့်ယုံကြည်သူလူငယ်တွေအနေနဲ့တပ်မတ်ခြင်းစိတ်ကိုရှောင်ရပါမယ်၊ ရှောင်တယ်ဆိုတာထိပ်တိုက်မရင်ဆိုင်ဘဲရှောင်ထွက်လာတာပါ၊မရှောင်ဘဲရင်ဆိုင်ရင်အပြစ်သွေးဆောင်မှုထဲပါသွားနိုင်လို့ပါ။ပြီးမှဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်းနဲ့စင်ကြယ်သောစိတ်ရှိပြီးဘုရားဝတ်မှာအမြဲပြုတတ်သူနဲ့အတူ ပေါင်းဖော်ပါလို့သွန်သင်ထားပါတယ်။ကိုယ်ဘယ်သူနဲ့ပေါင်းသင်းနေလည်းဆိုတဲ့အရာဟာ၊ကိုယ်ဘာဖြစ်လာမလဲဆိုတာနဲ့အတော်နီးစပ်နေလို့ပါ။
၄။ပုံသက်သေနဲ့အသက်ရှင်ပါ။
(တိမောသေဩဝါဒစာ ပ ထ မ စောင်4:12 သင်၏ အသက်အရွယ်နုပျိုသည်ကို အဘယ်သူမျှ မထီမဲ့မြင် မပြုစေနှင့်။ စကားပြောခြင်း၊ ကျင့်ကြံပြုမူခြင်း၊ သူတစ်ပါးကိုချစ်ခြင်း၊ ဝိညာဉ်သဘောရှိခြင်း၊ သစ္စာစောင့်ခြင်း၊ စင်ကြယ်ခြင်းအရာမှာ၊ ယုံကြည်သောသူတို့အား ပုံသက်သေကို ပြလော့။) ယနေ့ယုံကြည်သူလူငယ်တွေအသက်အရွယ်နဲ့ကြည့်ပြီးအဆင့်အတန်းခွဲကြတဲ့ယဥ် ကျေးမှုကြားမှာ၊အသင်းတော်မှာကောအများရှေ့မှာပါဘုရားဘုန်းမရှုတ်ချမိအောင်၊“ငယ်သေးပါတယ်”ဆိုပြီးအထင်သေးမခံရလေအောင်၊ကိုယ့်ရဲ့အပြောအဆိုအပြုအမူ တွေကိုအများ ရှေ့ပုံသက်သေ ကောင်းဖြစ်စေပါ။
၅။မိဘကိုရိုသေပြီးမိသားစုကိုတန်ဖိုးထားပါ။
(တိမောသေဩဝါဒစာပထမစောင်5:8 မိမိလူတို့ကိုမပြုစု၊ ထိုမျှမက၊ မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား၊ ယုံကြည်ခြင်းတရားကို ငြင်းပယ်၏။ မယုံကြည်ဖူးသောသူထက်သာ၍ ယုတ်မာ၏။) တချို့သောလူငယ်တွေအနေနဲ့မိဘစကားကိုသိပ်နားမထောင်ချင်ကြပါဘူး၊တချို့ကကိုယ့်အိမ်ကိုတောင်သိပ်မကပ်ချင်ကြတဲ့လူငယ်တွေရှိပါသေးတယ်။အမှန်တော့ကျနော်တို့ယုံကြည်သူလူငယ်တွေအနေနဲ့မိဘကိုရို သေရမှာဖြစ်သလို၊ကိုယ့်မိသားစုကိုတန်ဖိုးထားပြီးပြန်လည်လုပ်ေကြွးပြုစုသင့်ပါတယ်။မဟုတ်ရင်ငါကယုံကြည်သူပါလို့ပြောဖို့ တောင်မထိုက်တန်ပါဘူးလို့ကျမ်းစာကဆိုပါတယ်။
၆။ငွေထက်ဘုရားကိုအားကိုးပါ။
(တိမောသေဩဝါဒစာပထမစောင်6:17 ဤဘဝ၌ ငွေရတတ်သောသူတို့သည် မာန်မာန စိတ်နှင့် ကင်းလွတ်၍၊ မမြဲသောစည်းစိမ်ကို မကိုးစားဘဲ၊ ငါတို့ခံစားဖို့ရာ အလုံးစုံတို့ကိုကြွယ်ဝစွာ ပေးသနားတော်မူသော၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ကိုးစားရမည်အကြောင်းနှင့်၊) တရုတ်စကားပုံတခုရှိပါတယ်“ငွေကအရာအားလုံးကိုမလုပ်ပေးနိုင်ပေမယ့်၊ငွေမရှိရင်တော့ဘာတခုမှမဖြစ်လာနိုင်ပါဘူး”တဲ့။မှန်ပါတယ်၊ငွေဟာအင်မတန်အရေးကြီးပါတယ်၊ငွေကိုကြိုးစားရှာရပါမယ်၊ဒါပေမယ့်ငွေကိုဘုရားနေရာအစားမထိုးမိသွားဖို့လိုပါတယ်။ငွေကိုလည်းချစ်ပြီးဘုရားကိုချစ်တာမျိုးလုပ်မရပါ၊ငွေကခေတ္တအသက်ရှင်ဖို့လိုအပ်ပေမယ့်၊မမြဲတဲ့အရာဆိုတာနှလုံးသွင်းထားပါ၊ထာဝရမြဲမြံတဲ့ဘုရားသခင်ကိုသာ၍ကိုးစားတတ်ပါ။
၇။အိမ်ထောင်ဖက်ထမ်းပိုးညီပါစေ။
(ကောရိန္သုဩဝါဒစာဒုတိယစောင်6:14 မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းပိုးကို မထမ်းကြနှင့်။ တရားသောအမှုသည် မတရားသောအမှုကို အဘယ်သို့ လက်ခံနိုင်မည်နည်း။ အလင်းသည်မှောင်မိုက်နှင့် အဘယ်သို့ ဆက်ဆံနိုင်မည်နည်း။) ယုံကြည်သူလူငယ်တွေကိုအထူးသတိပေးထားချင်တာကမယုံကြည်သူနဲ့အိမ်ထောင်ဖက်မရွေးချယ် စေချင်ပါ။ဒါကမိမိရဲ့ဘဝသာယာလှပဖို့နဲ့ ကောင်းစားဖို့ကိုဘုရားသခင်ကသတ်မှတ် ပေးထားတာပါ။အကယ်၍နားမထောင်ဘဲဇွတ်လုပ်ခဲ့ရင်ကိုယ်ကဘဲဒုက္ခရောက်သွားနိုင်ပါတယ်။